Wednesday, 28 October 2015

”အမိမြန်မာပြည်” ဖြစ်ပေါ်လာပုံ

”အမိမြန်မာပြည်” ဖြစ်ပေါ်လာပုံ

ကိုလိုနီခေတ်အတွင်း အမိမြန်မာပြည် ဆိုသော စကားနှင့်ရုပ်ပုံကို အင်္ဂလိပ်စာတက် ဝံသာနုများက ဖန်တီခဲ့ခြင်းဖြစ်သည်။ ဤဝေါဟာရနှင့် ရုပ်ပုံဖြစ်ပေါ်လာရသည့် နောက်ခံသမိုင်းမှာ အင်္ဂလိပ် လက်အောက်ခံဖြစ်သော အိန္ဒိယနှင့် မြန်မာတို့ က အုပ်ချုပ်ရေး တိုးမြှင့်ပေးရန် ၁၉၁၇ ခုနှစ်တွင် ကြိုးပမ်းလာသည်ကို အကြောင်းပြု၍ ၁၉၁၇ ခုနှစ် ဒီဇင်ဘာလထုတ် သူရိယမဂ္ဂဇင်းတွင် ရွှေတလေးက ကာတွန်းရုပ်ပုံ တစ်ပုံရေးဆွဲထည့်သွင်းခဲ့ရာမှ စတင်ခဲ့သည်။

ထိုကာတွန်းပုံမှာ အင်္ဂလိပ် အမျိုးသား ထံမှ အိန္ဒိယအမျိုးသမီးနှင့် မြန်မာအမျိုးသမီးတို့ က အုပ်ချုပ်ရေးအာဏာ တိုးပေးရန် တောင်းခံနေပုံဖြစ်သည်။ ကာတွန်းပုံအောက်တွင်လည်း အိန္ဒိယ၊ ဗြိတိန်နီးယား၊ မြန်မာဟူ၍ အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် စာပါသည်။ မြန်မာအမျိုးသမီးပုံမှာ မကိုဋ်စည်းပုံဆောင်း၍ ထမီနှင့် ထိုင်မသိမ်းအင်္ကျီ ဝတ်ဆင်ကာ ဒူးတုပ်တောင်းပန် နေဟန်ဖြစ်သည်။ ဤသည်မှာ မြန်မာပြည်ကို မြန်မာအမျိုးသမီးရုပ်ပုံနှင့် ပထမဆုံး ဖော်ပြခဲ့သည့် သာဓကပင်ဖြစ်သည်။

ထို့ နောက်တစ်ဖန် ၁၉၁၉ ခုနှစ်တွင် ပုံနှိပ်ထုတ်ဝေသော ဆရာကြီး သခင်ကိုယ်တော်မှိုင်း၏ ဒေါင်းဋီကာအသစ်တွင် မြန်မာပြည်ကို ရည်ညွှန်း၍ ”အမိမြည်မာပြည်” ဆိုသောစကား ပါလာပြန်သည်။ ဆရာကြီး သခင်ကိုယ်တော်မှိုင်းက ”အမိမြန်မာပြည်” ဆိုသော စကားလုံး သုံးလာပြီးနောက်ပိုင်း သတင်းစာ၊ ဂျာနယ်များတွင်၎င်း၊ GCBA အစည်းအဝေးများ တွင်၎င်း၊ အမျိုးသားအောင်ပွဲနေ့  အခမ်းအနားများတွင်၎င်း၊ ”အမိမြန်မာပြည်” ဆိုသည့် စကားနှင့် ရုပ်ပုံကို မြန်မာနိုင်ငံအား ရည်ညွှန်းသော၊ ကိုယ်စားပြုသော စကားနှင့် ရုပ်ပုံအဖြစ် ပို၍အသုံးပြု လာကြသည်။

အထူးသဖြင့် ရန်ကုန်မြို့ မ အမျိုးသားကျောင်းက ဦးစီး၍ ၁၉၂၆ ခုနှစ်တွင်
ကျင်းပသည့် အမျိုးသားနေ့ စီတန်းလှည့်လည်ပွဲတွင် ”အမိမြန်မာပြည်”
ကိုယ်စားပြုအဖြစ် ကျောင်းသူတစ်ဦးက မကိုဋ်စည်းပုံ ဆောင်း၍ ထမီနှင့်
ထိုင်မသိမ်း အင်္ကျီဝတ်ဆင်သည့်ပုံသည် ကိုလိုနီခေတ်အတွင်းက ထင်ရှားခဲ့သည်။

ဤသည်မှာ ခေတ်အလိုက် သမိုင်းဝေါဟာရများ ပေါ်ထွန်းလာခဲ့သည့်
သာဓက တစ်ခုအဖြစ် ဖော်ပြလိုက်ရပါသည်။

ကိုးကား ။ ။ မြဟန်၏ ကိုလိုနီခေတ် မြန်မာ့သမိုင်း အဘိဓာန်
Kyaw Gyi Eden

0 comments:

Post a Comment