Wednesday, 28 October 2015

ချီထားတဲ့ လက်အုပ်တွေရဲ့ နောက်မှာ

ချီထားတဲ့ လက်အုပ်တွေရဲ့ နောက်မှာ

(တစ်)

သီတင်းကျွတ်နားကို နီးလာ လို့ထင်ပါရဲ့။ ကန်တော့တဲ့အ ကြောင်းတွေက ခေါင်းထဲကို စီကာ ရီကာနဲ့ ၀င်ရောက်လို့လာပါတယ်။ပထမဦးဆုံးသတိရမိတာက ဆရာမင်းသုဝဏ်ပါ။ ဆရာမင်းသုဝဏ်ရှိစဉ် တစ်ရက် ကမာရွတ် လှည်းတန်း ဦးထွန်းလင်းလမ်းထဲ က ဆရာ့အိမ်ကို တစ်ခေါက်ရောက်သွားဖူးပါတယ်။ တစ်ယောက်တည်း မဟုတ်ပါဘူး။ တခြားစာပေမိတ် ဆွေ သုံးလေးယောက်တို့နဲ့ အတူ ပါ။ သီတင်းကျွတ်ပတ်ဝန်းကျင် ရက်တွေဖြစ်တာက တစ်ကြောင်း၊ ချစ်ခင်လေးစားကြည်ညိုရတဲ့ စာ ပေအနုပညာရှင်ကြီးဖြစ်တာက တစ်ကြောင်း၊ ကိုယ့်ထက်အသက် အရွယ်၊ ပညာကြီးမြင့်သူကြီးဖြစ် တာက တစ်ကြောင်းစတဲ့ အ ကြောင်းကြောင်းတွေကြောင့် ဆရာ့ကို ကန်တော့ဖို့ ဆုံးဖြတ် လိုက်ကြပြီး လှည်းတန်းဝန်းကျင် မှာရှိတဲ့ မုန့်ဆိုင်တစ်ဆိုင်ကနေ ကန်တော့လက်ဆောင် မုန့်ကလေးတွေဝယ်လို့ပေါ့။

ဆရာ့အိမ်ရောက်တဲ့အခါ စာအကြောင်း၊ ကဗျာအကြောင်း နည်းနည်းပါးပါးပြောပြီးတဲ့နောက် ဆရာ့ကို ကန်တော့ဖို့ ပြင်ကြပါ တယ်။ ဆရာက ပထမငြင်းသဗျ။ မလုပ်ကြနဲ့ဗျာတဲ့။ နောက်တော့ ကျွန်တော်တို့က အတင်းပူဆာ တာကြောင့် အကန်တော့ခံပါ တယ်။ ပြီးတော့ ဆုပေးပါတယ်။ အဲသည့်နောက်မှာတော့ ဆရာက သူ့ကိုယ်ခန္ဓာကို ကျုံ့နိုင်သမျှ ကျုံ့ပြီးတဲ့အခါ ကန်တော့သူတွေကို ပြန်တောင်းပန်တာပါ။ အေးဗျာ တဲ့။ ခင်ဗျားတို့က ဘာအပြစ်မှ မလုပ်ထားဘဲ တောင်းပန်တော့ ကျုပ်ကလည်း တောင်းပန်ပါရစေ တဲ့။ ပြောမှားဆိုမှားပြုမှားလုပ် မှားကလေးတွေရှိခဲ့ရင် ခွင့်လွှတ် ကြဗျာတဲ့။ ဆရာ့ကို ထပ်ဆင့် ကြည်ညိုကာ ပြန်လာရတဲ့ လမ်း တစ်လျှောက်ပေါ့ပါးကြည်လင် လိုက်တာ။ အနုပညာနဲ့ ထုပ်ပိုး ထားတဲ့ ပညာရှိသူတော်ကောင်း တွေရဲ့ စိတ်ဟာ အံ့သြဖို့ ကောင်း ပါတယ်။

ကန်တော့တာနဲ့ ပတ်သက် လို့ နောက်တစ်ခါသတိရမိတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကတော့ ဆရာ ဒဂုန်တာရာပါ။ ဆရာဒဂုန်တာရာ က လက်ဝဲစာပေ၊ လက်ဝဲအယူအ ဆနဲ့ ရင်းနှီးတဲ့ပုဂ္ဂိုလ်ပါ။ ဒါ့ကြောင့်များလားမသိပါဘူး။ ဆရာ့ဆီသွားပြီး အပြန်မှာ ကန်တော့ဖို့ လုပ်တဲ့ အခါတိုင်းလိုလိုမှာ ခါးခါးသီးသီး ငြင်းလေ့ရှိပါတယ်။ အဲဒါတော့ မလုပ်ကြနဲ့ဗျာဆိုတဲ့ စကားကို တွင်တွင်ပြောလို့ပေါ့။ နောက်ပိုင်း မှာ မျက်စိမမြင်တော့မှ အတင်း ဆွဲထိုင်ခိုင်းပြီး ကျွန်တော်တို့က ကန်တော့ကြရတာပါ။

(နှစ်)

ကျွန်တော်တို့က ရှိခိုးတာနဲ့ ကန်တော့တာကို တွဲပြီးသုံးနေကြ တဲ့ အဲသည့်အပြုအမူကို ပုဂံခေတ်က ‘‘နောက်ခိုး’’လို့ သုံးခဲ့တာကို စိတ်ဝင်စားစရာမှတ်သားဖူးပါ တယ်။ ပုဂံမှာ နာမည်ကြီးတဲ့ လောကထိပ်ပန်ဂူဘုရားထဲက ဇာတ် ကြီးဆယ်ဘွဲ့မင်စာတွေထဲမှာ ‘‘နောက်ခိုး’’ကို ခဏခဏတွေ့ရပါ ရဲ့။ နောက်ကနေ ရှိခိုးတဲ့အနက် တဲ့။ လှလိုက်တာ။
ဗုဒ္ဓဘာသာဝင်တွေဟာ ရှိခိုး တာနဲ့ မစိမ်းပါဘူး။ ဘုရား၊ တရား၊သံဃာ၊ မိဘ၊ ဆရာဆိုတာများကို ကန်တော့ကြ၊ ရှိခိုးကြမြဲပါ။
ငယ်ငယ်က လူကြီးမိဘတွေ က ရှိခိုးကန်တော့တဲ့အခါ ထိခြင်း ငါးပါးနဲ့ ကန်တော့ရမယ်လို့ သွန် သင်လေ့ရှိပါတယ်။
ထိုင်လျက်ကန်တော့တဲ့အ ခါ ခြေဖ၀ါးအပြင်နှစ်ဖက်မြေမှာ ညီညီညာညာရှိရမယ်။ ပုဆစ်ဒူး ၀န်းနှစ်ဖက်ဟာ ညီညီညာညာ ထောင်နေရမယ်။ တံတောင်ဆစ် နှစ်ဖက်ဟာ ညီညီညာညာထိနေ ရမယ်။ လက်ဖ၀ါးအပြင် နှစ်ဖက်တို့ ညီညီညာညာထိနေရမယ်။ လက်အုပ်ဟာ နဖူးနဲ့ ထိနေရမယ် ဆိုတာမျိုးကို သင်ပေးတာပါ။ သည့်အပြင် ၀ပ်တဲ့အနေအထားနဲ့ ထိခြင်းငါးပါးတဲ့၊ ရပ်တဲ့အနေအ ထားနဲ့ ထိခြင်းငါးပါးတဲ့။ အခုသိ ကြသေးရဲ့လားမသိ။
အခုအခါကန်တော့တာကို တောင်မှ ‘‘သြကာသ’’ရယ်လို့ ခပ် နောက်နောက်ပြောပြီး ပြုမူဆောင် ရွက်နေကြပြီမို့ ထိခြင်းငါးပါးတို့ ဘာတို့ဆိုတာလည်း အဝေးကြီး ရောက်သွားခဲ့ပြီ ထင်ပါတယ်။

(သုံး)

တစ်ခါက နယ်တက္ကသိုလ် တစ်ခုမှာ အောင့်သက်သက်ကန် တော့ပွဲတစ်ခုနဲ့ ကြုံဖူးခဲ့ပါတယ်။
ဌာနတစ်ခုက ပါမောက္ခချုပ် ကို ကန်တော့ဖို့ဆိုလား ကြွမြန်းခဲ့ ဖို့ လှမ်းဖိတ်လေသဗျ။ ပါမောက္ခ ချုပ်က (၅၀) စွန်းစွန်းကလေးရယ်ပါ။ ဒါပေမဲ့ ၀င်သင့်ဝင်ထိုက်တဲ့ အဖွဲ့အစည်းကလေးတွေထဲကိုလည်း ၀င်ထား၊ စင်ပေါ်တက်ပြီး ဟိုစကားသည်စကားထောက်ခံပြောကြားပေးပါဆိုရင်လည်း အာပေါင်အာရင်းသန်သန်နဲ့ တက်ပြော၊ ဖုတ်ပူမီးတိုက်ဒေါက်တာ နာမည်ကလေးကလည်း ရှေ့က နေတပ်ထားဆိုတော့ကာ အိုင်းစ တိုင်းတို့၊ စတီဖင်ဟော့ကင်းတို့ကို တောင် အားမလိုအားမရဖြစ်နေ တယ်ဆိုတဲ့ လေသံနဲ့ ပုဂ္ဂိုလ်ပေါ့။

အဲသည့်မှာ ကန်တော့မယ့် ဌာနမှာက ၀ါရင့်တွဲဖက်ပါမောက္ခ ကြီးတစ်ယောက်ရှိနေပြီး အသက် ကလည်း ပါမောက္ခချုပ်ထက် ရှစ် နှစ်လောက်ကိုကြီးတဲ့ ဆရာကြီး ပါ။ တစ်ဌာနလုံးက ကန်တော့ကြ တဲ့ ပွဲဆိုတော့ကာ သူ့မှာထိုင်ရ အခက်၊ ထရအခက်။ ရှောင်သွားရ အခက်၊ ဆက်နေရအခက်။ ပါမော က္ခချုပ်က ဆရာကြီးနေပါ ဘာညာနဲ့ ပေါ့ပေါ့ပါးပါးဖြစ်သွားအောင် ခွင့်မပေးဘူးခင်ဗျ။ ရပါတယ် ကန်တော့ပါဆိုတဲ့ မျက်နှာထားနဲ့။ ပြုံး ပြုံး ကြီး။ လိမ္မာကြဖို့ကိုတောင် ဆုံးမလို့ နေလိုက်သေး။ ဆရာကြီးက ကြမ်းပေါ်မှာ ငုတ်တုတ်ကြီးထိုင် လို့။

(လေး)

‘‘ငါနှင့် ငါသာ ၊ နှိုင်းစရာဟု
  ပညာမုန်ယို ၊ အရွယ်ပျိုက
  မဆိုစလောက် ၊ မာန်စောင်မြောက်၍
  နှုတ်ငေါက်လွန်မိ ၊ ဒေါသရှိလည်း
  နောက်ပြီးတစ်ခါ ၊ ရိုသေစွာလျှင်
  ဤစာကိုးခန်း ၊ ပုလဲပန်းဖြင့်
  စိတ်ကြမ်းမာန်လျှော့ ၊ ငါကန်တော့၏’’တဲ့။
ရှင်မဟာရဋ္ဌသာရကတော့ ငယ်ငယ်က ပညာမာန်တွေတက် ခဲ့မိတာကို နောင်တရကာ ရှိခိုး ကန်တော့ပါလေသတဲ့။

ကျက်သရေမင်္ဂလာရှိရှိနဲ့ ကန်တော့သူ တစ်ဦးကိုလည်း တက္ကသိုလ်ကျောင်းတစ်ခုမှာ ဆုံ ဖူးခဲ့ပါတယ်။ ဆရာတစ်ယောက် ပါပဲ။ သူက သူများတကာသွား သွားပြီး ကန်တော့နေတဲ့ ပါမောက္ခချုပ်ကို တစ်ခါမှ သွားမကန်တော့ တဲ့သူပေါ့။ အဲ...သူသွားကန်တော့ တဲ့နေ့ကတော့ ပါမောက္ခချုပ် ဆရာကြီးအငြိမ်းစားယူတဲ့နေ့ပါ။ သူက ကန်တော့ရင်းနဲ့ ပြောပုံက အရင်က လာကန်တော့ရင် တစ် မျိုးဖြစ်မှာစိုးလို့ပါ ဆရာကြီးတဲ့။ ဆရာကြီးမျက်ရည်ဝဲပါတယ်။

‘‘ရှိသာခိုး၊ အငြိုးနဲ့’’ဆိုတဲ့ စကားရှိပါတယ်။ မတတ်သာလို့ ရှိခိုးနေရပေမယ့် ငြိုးထားတယ်ဆို တဲ့ အဓိပ္ပာယ်ပါ။

ကျွန်တော်တို့ ရှိခိုးနေကြတာ တွေဟာ၊အရှိခိုးခံနေတာတွေဟာ တကယ်မှ ဟုတ်ပါလေစ။ ရင်ထဲ မှာရှိပါလေစ။ မကောင်းတတ်လို့ များလား။ ကြောက်လို့များလား။ အရောင်းအ၀ယ်တွေလား။ အ ပေးအယူတွေလား။ လူမှုရေးတွေ လား။ နိုင်ငံရေးတွေလား။ စီးပွား ရေးတွေလား။
ချီထားတဲ့ လက်အုပ်ဟာ မေးခွန်းတွေ၊ ပုစ္ဆာတွေနဲ့ ရှုပ်ပွ လို့။။

ချီထားတဲ့ လက်အုပ်တွေရဲ့ နောက်မှာ | မောင်သာချို |

0 comments:

Post a Comment