Monday, 26 October 2015

တန်ဖိုးသိမှတန်ဖိုးရှိမယ်

တန်ဖိုး ဆိုတာ စကားလုံးလေးနှစ်လုံးထဲပါ။ ဒါပေမဲ့ ကျယ်ဝန်းတဲ့ အဓိပ္ပာယ်ကိုဆောင်နေပါတယ်။ တန်ဖိုးဆိုတဲ့စကားကို လူတိုင်းပြော ဆိုသတ်မှတ်နေကြတာပါပဲ။ ဒါပေမဲ့ အများဆုံးသတ်မှတ်ကြတဲ့ တန်ဖိုးကတော့ မြင်တွေ့နေရတဲ့ပစ္စည်းတွေရဲ့တန်ဖိုးပဲဖြစ်နေပါတယ်။ အရေးအကြီးဆုံးအချက်ကတော့ 'မမြင်ရတဲ့တန်ဖိုး' ပါပဲ။ အဲဒါ ကတော့ လူတိုင်းရဲ့ရင်မှာရှိသင့်ရှိထိုက်တဲ့တန်ဖိုးပါ။ ပစ္စည်းတစ်ခုရဲ့ တန်ဖိုးကိုသတ်မှတ်လို့ လွယ်ကူပေမဲ့ ကိုယ့်ရဲ့တန်ဖိုးကိုတော့ သတ်မှတ် ကြည့်ဖို့ ခဲယဉ်းပါတယ်။ ပစ္စည်းတစ်ခုရဲ့တန်ဖိုးကိုသတ်မှတ်တဲ့အခါမှာ အရည်အသွေး ( Quality ) ကိုစံထားပြီးသတ်မှတ်ကြရတာပါ။ ဒီလိုပါပဲ လူ တစ်ယောက်ရဲ့တန်ဖိုးကိုသတ်မှတ်တဲ့အခါ အကြမ်းဖျင်းပြောရရင် အဲဒီလူရဲ့ပေါင်းသင်းဆက်ဆံပြောဆိုမှု၊ စိတ်အားထက်သန်မှု၊ ရိုးသား ဖြောင့်မတ်မှု၊ အသိဉာဏ်ထက်မြက်မှု၊ ရဲဝံ့စွန့် စားမှု၊ အရည်အချင်းကို ပြသနိုင်မှု၊ ပြတ်သားမှု၊ မိမိကိုယ်ကိုပင်မိမိထိန်းသိမ်းနိုင်မှု၊ ယုံကြည်ချက်အပြည့်ရှိမှု၊ ယဉ်ကျေးသိမ်မွေ့မှုတွေနဲ့ ဖော်ရွေမှုအစရှိတဲ့ အပေါ် မူတည်သတ်မှတ်ကြပါတယ်။
အခုပြောနေတဲ့ 'တန်ဖိုး' စကားလုံးလေးကို အင်္ဂလိပ် ဘာသာစကားမှာက "Value" နဲ့  "Cost" ဆိုပြီးရှိကြပါတယ်။ "Value" ဆိုတာက မွန်မြတ်တဲ့အဖိုးထိုက်တန်မှုကိုဖော်ပြပြီး "Cost" ဆိုတဲ့စကား ဟာ ပစ္စည်းတစ်ခုအတွက်ပေးရတဲ့အဖိုးစားနားကိုဆိုလိုတာပါ။ အဲဒီ "Value" နဲ့ ပတ်သက်လို့  သင်တန်းတစ်ခုမှာ ဥပမာတွေပေးပြီး သင်တန်းသူ၊ သင်တန်းသားတွေနဲ့ ဆွေးနွေးပြောကြားပုံတွေကို အမှတ် ရမိလိုက်တာကြောင့် စာဖတ်သူတွေအတွက် တန်ဖိုး ( Value ) ဆိုတဲ့ အကြောင်းလေးကိုရေးသားလိုက်တာဖြစ်ပါတယ်။

ဘယ်လောက်တန်လဲ

၂၀၀၅ ခုနှစ်ကစပြီး သင်တန်းတွေတစ်ခုပြီးတစ်ခု ဖွင့်လှစ် လာခဲ့တာ အခု ၂၀၁၂ ခုနှစ်ဆိုရင် သက်တမ်းခုနစ်နှစ်ရှိခဲ့ပြီ ဖြစ်ပါတယ်။ အဲဒီခုနစ်နှစ်ရဲ့အတွေ့အကြုံတွေမှာ တွေ့ခဲ့၊ မြင်ခဲ့၊ သိခဲ့ရတဲ့အကြောင်း တွေကိုပြောပြချင်တာပါ။ အထူးသဖြင့် လုပ်ငန်း ခွင်တစ်ခုကိုဝင်လာမယ့်သူတွေ၊ Freshman ၊ Fresher တွေ၊ အတွေ့ အကြုံမရှိသေးတဲ့လူတွေနဲ့  စတင်ဆက်ဆံပြောဆိုခဲ့ရတာပါ။ သူတို့  လေးတွေမှာ ဘာရှိသလဲလို့ စမ်းစစ်မိလိုက်ပါတယ်။
လူငယ်တွေမှာ အစွမ်းအစ (Talent ) ၊ အလားအလာ ( Potential ) တွေ၊ လုပ်ရည်ကိုင်ရည် ( Capability ) စတဲ့စွမ်းရည်တွေ ရှိကြပါတယ်။ နောက်တစ်ခုကတော့ အတတ်ပညာ ( Technician ) တွေရှိကြပါတယ်။ အဲဒီလိုရှိတာတွေဟာ သူတို့ ရဲ့တန်ဖိုး ( Value ) လို့  မခန့် မှန်းတတ်ကြပါဘူး။ ဥပမာဆိုပါတော့ သင်တန်းတစ်ခုမှာ လူငယ် တစ်ယောက်ကိုမေးကြည့်လိုက်ပါတယ်။ ဒါဟာဘာလဲဆို တော့ ဘောပင်တစ်ချောင်း၊ Handset တစ်ခု၊ ရေသန့် တစ်ဘူး၊ LCD ၊ ပရိုဂျက်တာနဲ့  ကားတစ်စီး စတဲ့တန်ဖိုးတွေကို ကျပ်သိန်းဂဏန်းထိ ခန့် မှန်းတန်ဖိုး ( Estimate ) ကို ပြောဆိုနိုင်ပါတယ်။ ဒါတွေဟာ သူတို့တစ်တွေလက်ခံလိုက်တဲ့တန်ဖိုး ( Perceived Value ) လို့ သတ်မှတ်လို့ ရပါတယ်။ အဲဒီလူငယ်ကိုမေးလိုက်တဲ့စကားတစ်ခွန်း ကြောင့် ပါးစပ်အဟောင်းသားဖြစ်နေပုံကို အမှတ်ရလိုက်မိပါတယ်။ အဲဒီအမေးစကားကတော့ ''မင်းကော ဘယ်လောက်တန်သလဲ'' ဆိုတာပါပဲ။
နောက်သင်တန်းတစ်ခုမှာပါ။ တစ်ခါတလေ သင်တန်းသား တစ်ယောက်ကို ''မင်းရောင်းတဲ့ကော်ဖီမစ်တစ်ထုပ်ဟာ ဘယ်လောက် ရှိမလဲ။ တစ်ကာတွန်းဆိုရင် ဘယ်လောက်တန်မလဲ။ ဆယ်ကာတွန်း ၀ယ်ရင် ဘယ်လောက်ပေးရမလဲလို့ မေးလိုက်တော့ သူကပြောပြ ပါတယ်။ ဒါနဲ့ ဆက်ပြီးတော့ မင်းကော ဘယ်လောက်တန်သလဲ'' လို့  မေးလိုက်တော့ သူကရယ်နေပါတယ်။ နောက် သင်တန်းသူတစ် ယောက်ကို ''သမီးကိုရောင်းရင်ကော...'' ဆိုပြီး မေးလိုက်တော့ သူကစိတ်ဆိုးသွားတယ်။ ရယ်တာတွေ၊ စိတ်ဆိုးတာတွေကိုကြည့် ချင်လို့ မေးတာမဟုတ်ပါဘူး။ ရည်ရွယ်ချက်က ဘာလဲဆိုတော့ 'ကိုယ့်ရဲ့တန်ဖိုး (Value) ' ကို သိနိုင်ဖို့ ပါပဲ။

Value မရှိတဲ့ အရောင်းသမားမဖြစ်စေနဲ့ 

နောက်တစ်ခုပြောချင်ပါတယ်။ တစ်ခါတလေမှာ ရောင်းချ လိုက်တဲ့ပစ္စည်းဟာ တန်ဖိုးရှိနေပေမဲ့ ရောင်းတဲ့သူက တန်ဖိုးမရှိဖြစ်နေ တာမျိုးတွေ့ရပါတယ်။ အဲဒီလူမှာ တန်ဖိုး ( Value ) မရှိတဲ့အချိန်မျိုးမှာ ပစ္စည်းဟာ ရောင်းမထွက်တာလည်းရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီလူဟာ မရိုးသားဘူး။ ယဉ်ကျေးသိမ်မွေ့မှုမရှိဘူး။ ကောက်ကျစ် စဉ်းလဲတဲ့အခါ အဲဒီအရောင်းသမားဟာ တန်ဖိုး ( Value ) လုံးဝ မရှိဘူးပေါ့။ အဲဒီအတွက် သူဟာ ဘယ်လောက်ကောင်းတဲ့ ပစ္စည်းကိုရောင်းရောင်း အဆင်မပြေတာမျိုး၊ ရောင်းမထွက်တဲ့ အချိန်မျိုးတွေမှာ သူရောင်းတဲ့ Product တွေ၊ သူပေးတဲ့ Service တွေအပေါ်၊ ဒါမှမဟုတ် ကုမ္ပဏီကိုအမြဲတမ်းအပြစ်တင်လေ့ရှိပါ တယ်။ အဲဒါကြောင့် သူဟာ "The Bad carpenter always blame his tools" ဆိုတဲ့စကားလို အသုံးမကျတဲ့လက်သမားတစ်ယောက်ဟာ သူသုံးနေကျ လွှတို့ ၊ တူ၊ သံတို့ ကို အမြဲတမ်းမကောင်းဘူးလို့  အပြစ် တင်လေ့ရှိပါတယ်။ တစ်ခုပြောချင်ပါတယ်။ သံကို တူနဲ့ ရိုက်လို့  သံ ကွေးသွားတာကို သံချောင်းမကောင်းဘူးလို့ အပြစ်တင်မယ့်အစား သံကို ဖြောင့်ဖြောင့်တန်းတန်းဝင်အောင်ရိုက်နိုင်ဖို့ ဟာ အဲဒီ လက်သမားရဲ့အရည်အချင်းတစ်ရပ်ပါပဲလို့ ပြောချင်ပါတယ်။ အဲဒီလိုပါပဲ ဒီလိုလူမျိုးဟာ သူလုပ်နေတဲ့ကုမ္ပဏီ၊ သူ့ရဲ့ Product တွေကို အမြဲအပြစ်တင်လေ့ရှိမှာပေါ့။
မမြင်ရတဲ့တန်ဖိုးဆိုတာ
နောက်တစ်ချက်တင်ပြချင်ပါတယ်။ လူတွေဟာ တစ်ခါ တလေမှာ ကိုယ်ထုတ်လုပ်တဲ့ပစ္စည်း၊ ကိုယ်ကိုင်နေကျပစ္စည်း၊ အကုန် ပြောရရင် အင်္ကျီအ၀တ်အစား၊ နာရီကအစ၊ လက်စွပ်၊ ဆွဲကြိုးတွေကို ဘယ်လိုသတ်မှတ်ပြီးဝတ်ဆင်နေကြသလဲဆိုရင် ပြင်ပလောကမှာ လူ တစ်ယောက်ဟာ ဘယ်လိုတံဆိပ်၊ ဘယ်လို Branded နာရီတွေ၊ ဘယ် မော်ဒယ်ကားတွေ၊ မျက်မှန်တွေ၊ ကွန်ပျူတာနဲ့  Lap Top တွေကိုသုံးနိုင်မှ အဆင့်မြင့်မယ်လို့ ထင်နေကြတာ။ တန်ဖိုးမြင့်တဲ့လူလို့ ထင်ကြ တာပါ။ ကဲ... ဒါတွေကိုဖယ်လိုက်တဲ့အချိန်မှာ အဲဒီလူရဲ့တန်ဖိုး ( Value ) ဟာ ဘာလဲဆိုတာသိရမယ်လေ။ အဲဒီလိုဖယ်လိုက်ပြီးတဲ့ နောက် အဲဒီလူနဲ့ ပြောဆိုဆက်ဆံကြည့်တော့မှ ဒီလူရဲ့တန်ဖိုး ( Value ) ကို သိရမှာလေ။ ဒါဟာ မမြင်ရတဲ့တန်ဖိုး ( Hidden Value ) လို့ ပြောချင်ပါတယ်။ ဒါကြောင့် ဒီကနေ့ လူငယ်လေးတွေကိုပြောချင်တာက ''ကိုယ့်တန်ဖိုးကို ကိုယ်သိရဲ့လား'' လို့ ပေါ့။ အဲဒါဆိုရင် ကိုယ့်ရဲ့ တန်ဖိုး ( Value ) ကိုသိအောင် ဘာလုပ်ကြမလဲလို့ စဉ်းစားစေချင်ပါတယ်။

Lucky Fish လေးရဲ့ဥပမာ

ပစ္စည်းတစ်ခုသွားရောင်းတယ်ဆိုပါစို့ ။ ဒါ ဘယ်လောက် တန်သလဲလို့မေးတဲ့အချိန်မှာ ဖြေလိုက်နိုင်ပေမဲ့ ''ငါ ဘယ်လောက် တန်သလဲ'' လို့ မေးလိုက်တဲ့အချိန်မှာ ဖြေဖို့ ဟာ တော်တော်ခက် သွားတယ်လေ။ သင်တန်းတစ်ခုမှာ ကျွန်တော့်ရဲ့အတွေ့အကြုံလေး တစ်ခုကိုပြောပြမိပါတယ်။ ဒါကဘာလဲဆိုတော့ Lucky Fish လေး အကြောင်းပါ။ အဲဒီ Lucky fish နဲ့  ကျွန်တော်နှိုင်းယှဉ်လိုက်မိတယ်။ ဒါကဘယ်မှာလဲဆိုတော့ ကျွန်တော်ဟာ ရန်ကုန်မြို့က ယုဇန ပလာဇာမှာရှိတဲ့ ချစ်စရာအလှမွေးငါးကလေးတွေရောင်းတဲ့ဆိုင်ရဲ့ မှန်ပုံးထဲမှာကူးခပ်နေတဲ့ Lucky Fish ကလေးကိုသွားသတိရမိတယ်။ ငါးကလေးဟာ အကောင်အတော်ကြီးတယ်။ ကျွန်တော်လည်း ဈေး သိချင်တာနဲ့ ''ဒါ ဘယ်လောက်လဲ'' လို့ မေးလိုက်မိပါတယ်။ အဲဒီတော့ ဆိုင်ရှင်ကဘာပြန်ပြောသလဲသိလား။ ''မြန်မာငွေကျပ် သိန်း ခြောက်ဆယ်'' တဲ့။ အဲဒီအချိန်မှာပဲ ကိုယ့်ကိုယ်ကိုယ်စဉ်းစားမိ လိုက်တယ်။ ဒါဆိုဟောဗျာ... 'ငါကော ဒီလောက်တန်ရဲ့လား' ၊ 'ငါ့ကိုရောင်းရင် ဘယ်လောက်ရမလဲ' ၊ 'ငါကော ဘယ်လောက်တန် သလဲ'၊ 'ငါ့ကို ဘယ်သူကကော ဘယ်လောက်နဲ့ ဝယ်မလဲ' စတဲ့ အတွေး ပေါင်းစုံပါပဲ။ 'ငါသာ အဲဒီငါးကလေးလောက်မတန်ရင် င့ါကိုလူတွေက ဘယ်လောက်တန်ဆိုပြီး သတ်မှတ်ကြမှာလဲ' လို့ ကျွန်တော့်ကိုယ် ကျွန်တော် ပြန်မေးမိပါတယ်။ အဲဒါမျိုး စာဖတ်သူတွေကော တွေးမိ ပါရဲ့လား။ တွေးကြည့်စေချင်ပါတယ်။

Equivalent လုပ်ကြည့်ရအောင်

လွန်ခဲ့တဲ့သုံးနှစ်လောက်က သင်တန်းတစ်ခုမှာမေးခဲ့ဖူးတဲ့ အတွေးပုစ္ဆာလေးတစ်ခုကို သတိရမိတယ်။ ဥပမာပြောရရင် မနီလာ ဟာ အလုပ်လုပ်တယ်ဆိုပါစို့ ။ အလုပ်လုပ်ရင် လုပ်အားခရတယ်။ တစ်လကို မြန်မာငွေကျပ်ငါးသောင်းရတယ်။ အဲဒီအချိန်မှာ မနီလာ နဲ့အတူ ကျောင်းတက်ပြီး ဘွဲ့ရလာတဲ့သူငယ်ချင်းမသီတာမြင့်ဆိုသူ တစ်ယောက်ရှိတယ်။ မသီတာမြင့်က ဘာအလုပ်မှမလုပ်ဘူး။ ဒါပေမဲ့ မိဘတွေကပေးခဲ့တဲ့မွေးနေ့ လက်ဆောင် ငွေကျပ်နှစ်ဆယ့်ငါးသိန်း ရှိနေတယ်။ အဲဒါကို မသီတာမြင့်က ဘာလုပ်သလဲဆိုတော့ အဲဒီ ကာလပေါက်ဈေးနဲ့  နှစ်ဆယ့်ငါးသိန်းတန်လက်ကိုင်ဖုန်းတစ်လုံးဝယ် လိုက်တယ်။ နောက်ပြီး မနီလာလုပ်နေတဲ့ကုမ္ပဏီကို တစ်လကျပ် ငါးသောင်းနဲ့  ငှားလိုက်တယ်။ မသီတာမြင့်တစ်ယောက်ဟာ တစ်လကို ဖုန်းငှားခ ကျပ်ငါးသောင်းရသွားပြီနော်။ အဲဒီမှာနှိုင်းယှဉ်ပြီးစဉ်းစား ရမယ့်အချက်ကိုတွေ့လာတယ်။ လက်ရှိရငွေကိုမူတည်ပြီး မနီလာ ဘယ်လောက်တန်သလဲလို့ မေးလိုက်ရင် ကျပ်ငါးသောင်းလို့ ပြော ကြတယ်။ မသီတာကကောလို့ မေးရင် နှစ်ဆယ့်ငါးသိန်းတန်တယ်လို့ ဖြေကြတယ်။ အဲဒါဘာကြောင့်လဲ….???

0 comments:

Post a Comment